Knowledge

သေသူရဲ့ကိုယ်စား ကျန်ရစ်သူဆွေမျိုးတွေကို တစ်တစ်ခွခွ ဆဲပေးရုံနဲ့ ငွေဝင်ကြမ်းနေသူ

တစ်ချို့သောသူတွေရဲ့အလုပ်တွေဟာ ကျွန်တော်တို့ မြင်ဖူးကြားဖူးတဲ့ အလုပ်မျိုးတွေ မဟုတ်တဲ့အတွက် ထူးခြားကောင်း ထူးခြားနိုင်ပါတယ်။ တရုတ်မှာဆိုရင် မသာအိမ်တွေမှာ အငှားလိုက်ငိုတဲ့အဖွဲ့တွေရှိပြီး၊ တစ်ချို့ကတော့ သေသူ နောင်ဘဝကို အကူးကောင်းအောင် ကောင်မလေးတွေရဲ့ အကအလှတွေနဲ့ ဖျော်ဖြေတာမျိုးတွေ ရှိပါတယ်။

Flower

ဒီလူရဲ့အလုပ်ကလည်း အများအတွက်တော့ ထူးဆန်းပါတယ်။ သူ့အမည်ကတော့ Bill Edgar ဖြစ်ပြီး၊ သြစတေးလျနိုင်ငံ၊ Gold Coast မှာ နေထိုင်ပါတယ်။ သူဟာ အရင်ကတော့ အလွတ်စုံထောက်တစ်ယောက် ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ အဲဒီထက်ပိုပြီး ဝင်ငွေသေချာတဲ့ အလုပ်တစ်ခုကို ထင်မှတ်မထားဘဲ ရရှိခဲ့ပါတယ်

အလုပ်ကတော့ သေသူရဲ့ကိုယ်စား ကျန်ရစ်သူဆွေမျိူးတွေကို တစ်တစ်ခွခွ ဆဲပေးရတာပါ။ ဒါပေမယ့် သေသူအပေါ်မှာ ကောင်းတဲ့သူတွေရှိရင်လည်း သူက ချီးမွှမ်းခန်း ဖွင့်ပေးရပါတယ်တဲ့။ ဒီအလုပ်ကို သေဆုံးသူ မသေခင်မှာ Bill နဲ့ ညှိနှိုင်းပြီးတော့၊ ဘယ်သူ့ကိုတော့ ဆဲလိုက်စမ်း၊ ဘယ်သူကတော့ ငါ့အပေါ်ကောင်းတယ်၊ ဘယ်သူကတော့ နောက်ကျောကို ဓားနဲ့ထိုးတဲ့လူ စသဖြင့် စာရင်း အတိအကျ မှတ်ရတာပါ။

Flower

ယင်းနောက် အဲဒီအလုပ်အပ်သူ သေဆုံးသွားတဲ့အခါ သူရဲ့ ဈာပနမှာ Bill က ဘယ်သူမှ မဖိတ်ပါဘဲ ရောက်အောင်သွားပြီး၊ ဆဲစရာရှိတဲ့လူကိုဆဲ၊ ချီးမွှမ်းစရာရှိသူကို ချီးမွှမ်း သေသူကိုယ်စား လုပ်ပေးရတာဖြစ်ပါတယ်။ သူ့အလုပ်ကိုတော့ Coffin Confessor လို့ ခေါ်ပါတယ်။ သူ ဒီအလုပ်ကို စတင်လက်ခံဖြစ်ခဲ့ပုံက-

အသက်(၇၉)နှစ်အရွယ် အဖိုးကြီးတစ်ယောက်နဲ့ စတင်ဆုံစည်းရာက စခဲ့တာပါ။ အဖိုးအိုဟာ သေအံဆဲဆဲမှာ အလွတ်စုံထောက် Bill ကို တွေ့ဖို့ ခေါ်ခဲ့ပါတယ်။ ပြီးနောက် စာတစ်ရွက်ထုတ်ပေးပါတယ်။ စာထဲမှာ အဖိုးရဲ့ ရန်သူတော်တွေအကြောင်း၊ သူငယ်ချင်းယောင်ဆောင်ပြီး အဖိုးရဲ့ဇနီးကို ကြာခိုနေတဲ့လူအကြောင်း၊ ငယ်သူငယ်ချင်းတွေအကြောင်း၊ ဇနီးရဲ့အကြောင်းကို သူ့ဈာပနမှာ စုံစုံစေ့စေ့ ဖတ်ပြဖို့ အဖိုးက အကူအညီတောင်းခဲ့ရာက စပါတယ်။

ဒီလိုနဲ့ အဲဒီအဖိုးရဲ့ဈာပနမှာ သူက စာရွက်ကြီးကိုင်ကာ ရုတ်တရက်ဝင်လာပြီး ” ကဲ အားလုံး မက်တပ်ရပ်နားထောင် … ဒီစာက သေသူရဲ့ နောက်ဆုံး ပြောခဲ့တဲ့စကားတွေပဲ “လို့ အသံဝါကြီးနဲ့ အော်လိုက်ပါတယ်။ ပရိသတ်လည်း ကြောင်စီစီဖြစ်သွားခဲ့ပြီး Bill က သူ့အလုပ်ကို သူဆက်လုပ်ပါတယ်။

လူတစ်ယောက်ကို စူးစူးရဲရဲကြည့်ပြီး ” မင်းနဲ့ငါ မတွေ့ရတာ နှစ်(၃၀)ကျော်နေပြီ … မင်းက ငါသေမှ ရောက်လာတဲ့ သောက်သုံးမကျတဲ့ကောင်ပဲ”လို့ ငေါက်လိုက်ပါတယ်။ အခြားအဖိုးအိုတစ်ဦးကိုလည်း လက်ညှိုးနဲ့ ရဲရဲတင်းတင်းထိုးပြီး ” မင်းကတော့ သူငယ်ချင်းယောင်ဆောင်ပြီး ငါ့မယားကို ကြာခိုချင်နေတဲ့အကောင် … မင်းလိုကောင် မပေါင်းသင့်ဘူး “လို့ ပြောပါတယ်။

အဲဒီနောက် အဖိုးရဲ့ဇနီးကို ရည်ရွယ်ပြီး ” ငါ့မိန်းမကို ပြောချင်တာက … မင်းကို အရာရာထက် ပိုချစ်ပါတယ် .. မင်းဟာ ဒီလို ကြာကူလီကောင်အပေါ်မှာ ဘာမှ တုန်လှုပ်ခဲ့ခြင်းမရှိလို့ပါ … မင်းအကြောင်းကို ငါ အမြဲတွေးနေပါ့မယ် ”လို့ ဆိုပါတယ်။ အဲဒီနောက် နာရေးလာပို့သူ (၈၀)လောက်မှာ ထက်ဝက်လောက်က ပြန်ပြေးကုန်ကြပါတယ်။

စာထဲမှာ သူတို့အကြောင်း ပက်ပက်စက်စက် ရေးထားတာတွေ ပါနိုင်လို့ပါ။ ဒီလိုနဲ့ Bill ဟာ နာရေးတွေ အသုဘတွေမှာ ဝင်ပြီးအရှက်ခွဲရတဲ့ Coffin Confessor ဖြစ်လာခဲ့ပါတော့တယ်။ သူဟာ ဝင်ငွေလည်းခိုင်မာနေပြီဖြစ်ပြီး၊ အခုအချိန်ထိ အလုပ်တွေနဲ့ မနိုင်မနင်းဖြစ်နေရပါတယ်။ ဒါပေမယ့် သူ့အလုပ်က အခန့်မသင့်ရင် ခေါင်းရိုက်ခွဲခံရနိုင်ပါတယ်။

credit – MyanmarNote

source : Daily Mail