News

မန္တလေးတွင် ဆေးရုံမှ ခိုးထွက်ပြီး ဈေးဝယ်သည့် ကိုဗစ်-၁၉ လူနာ ၂ ဦး အမှုဖွင့်ခံရ

Flower

မန္တလေးတွင် ဆေးရုံမှ ခိုးထွက်ပြီး ဈေးဝယ်သည့် ကိုဗစ်-၁၉ လူနာ ၂ ဦး အမှုဖွင့်ခံရ

By DVB , 27 October 2020

မန္တလေးမြို့ ကုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အသက် ၁၈ နှစ်နဲ့ ၁၇ နှစ်အရွယ် အမျိုးသားနှစ်ဦးဟာ အပြင်ထွက်ပြီး ဈေးဝယ်ခဲ့တာကြောင့် အောက်တိုဘာ ၂၆ ရက်က အမှုဖွင့်ထားတယ်လို့ အမှတ် ၁၁ နယ်မြေရဲစခန်းကနေ သိရပါတယ်။

Flower

အဆိုပါ လူငယ် ၂ ဦးဟာ အောက်တိုဘာ ၁၈ ရက်မနက်က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတာကြောင့် ကုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေရတာဖြစ်ပြီး ဆေးရုံအကာအရံတွေပေါ်ကနေ ကျော်ပြီး ဆေးရုံအပြင်ဘက် ၆၂ လမ်းဘက်ကို ဈေးဝယ် ထွက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆေးရုံလုံခြုံရေးအဖွဲ့တွေ လိုက်လံရှာဖွေခဲ့တဲ့အခါ အဆိုပါ လူငယ် ၂ ဦးဟာ ၆၂ လမ်းပေါ်က ကွမ်းယာဆိုင်တစ်ဆိုင်မှာ ကိုယ်တိုင်ကွမ်းယာပြီး ဝယ်ယူနေတဲ့အပြင် လမ်းတစ်ဘက်ခြမ်းက စတိုးဆိုင်တစ်ခုကနေ ဆေးလိပ်ဝယ်ယူခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ လူငယ် ၂ ဦးကို ဆေးရုံသို့ ပြန်လည်ပို့ဆောင်ထားပြီး အမှတ် ၁၁ နယ်မြေရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပေဒေ ပုဒ်မ ၂၅/၃၀(က) အရ အမှု ဖွင့်လှစ်ထားပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းကလည်း ဇီဝိတဒါနဆေးရုံကြီးမှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားနှစ်ဦးဟာ ထွက်ပြေးခဲ့ပြီး နေ့ချင်းပြန်လည်ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

#credit
#သတင်း- ထိန်ထိန်လင်း/DVB