Health

ယာဉ်တိုက်မှုဖြစ်ကာ ခြေထောက်ကျိုး၍ ဆေးရုံသို့ ရောက်လာသူထံမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့

ယာဉ်တိုက်မှုဖြစ်ကာ ခြေထောက်ကျိုး၍ ဆေးရုံသို့ ရောက်လာသူထံမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~
လှိုင်သာယာ၊ စက်တင်ဘာ ၁၉/၂၀၂၀

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေသည့် ယာဉ်နောက်
လိုက်လုပ်ကိုင်သူ အမျိုးသားထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ပေါ်ဆန်းမွှေး(၄)လမ်းနေ ယာဉ်နောက်လိုက်လုပ်ငန်း လုပ်ကိုင်သူ အသက်(၂၅)နှစ် အရွယ် အမျိုးသားမှာ စက်တင်ဘာ ၁၆ ရက်နေ့က လှိုင်သာယာ(အရှေပိုင်း)နဝဒေးကားမှတ်တိုင်အနီး ယာဉ်တိုက်မှုဖြစ်ပွား၍ ခြေထောက်ကျိုးသွားသဖြင့် အရေးပေါ်လူနာတင်ယာဉ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံ သို့ တင်ပို့ကုသခဲ့ရသည်။
ထိုသို့ ကုသနေသည့် နေ့၌ပင် ၎င်းအမျိုးသား၏ နှာခေါင်းတို့ဖတ် ရယူစစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၈ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ အဆိုပါအမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လှိုင်သာယာပြည်သူ့ဆေးရုံတွင် အဆိုပါပိုးတွေ့ လူနာအား သီးခြားအခန်းထားရှိ၍ ကုသခဲ့ကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာနှင့်အတူနေ ဇနီးဖြစ်သူအား နေအိမ်၌ Home Quarantine ထား၍ စောင့်ကြည်လျှက် ရှိကြောင်း သိရသည်။
လှိုင်သာယာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ရက်နေ့မှ စက်တင်ဘာ ၁၈ရက်နေ့ နံနက် ၇နာရီအချိန်ထိ ထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ (၉၅)ဦး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံရသူ (၄၆၂၁)ဦး၊ သေဆုံးသူ (၇၅)ဦး၊ ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူ (၆၇၆)ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ညီညီ(လှိုင်သာယာ)
Top Phoenix Media Group
(လှိုင်သာယာ ပြည်သူ့ဆေးရုံမြင်ကွင်း)